စက်တင်ဘာ ၂၇/ ၂၀၂၂
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းကျေးရွာတွင် ယနေ့နံနက်က လက်နက်ကြီးကျည်ထပ်မံကျရောက်ပေါက်ကွဲ၍ နေအိမ်တစ်လုံးပျက်စီးသွားခဲ့သည်ဟု သိရသည်။
ပျက်စီးသွားသည့်နေအိမ်မှာ ခေါင်းလောင်းကျေးရွာမှ ဦးဝေလူ၏နေအိမ်ဖြစ်ပြီး ယနေ့ စက်တင်ဘာလ ၂၇ ရက် နံနက် ၈ နာရီကျော်တွင် နေအိမ်ခြံဝင်းအတွင်း မင်းပြား ကျိန်းတောင်ဘက်မှပစ်ခတ်လိုက်သည့်လက်နက်ကြီးကျည်တစ်လုံးကျရောက်ပေါက်ကွဲလာသည့်အတွက် ယခုကဲ့သို့ ပျက်စီးသွားခြင်းဖြစ်သည်ဟု ရွာသားတစ်ဦးက ပြောသည်။
“အနီးအနားမှာ တိုက်ပွဲဖြစ်တာမရှိပါဘူး။ ကျိန်းတောင်ဘက်က လက်နက်ကြီးနဲ့လှမ်းပစ်လို့ အခုလို ပျက်စီးသွားတာပါ”ဟု ပြောသည်။
လက်ရှိတွင် စစ်ဇက်ရေယာဉ် ၂ စီးသည် ခေါင်းလောင်းချောင်းဘက်သို့ ထပ်မံတက်လာသည့်အတွက် ရွာသားများ ကြောက်လန့်ထွက်ပြေးနေကြပြီဟုလည်း သူက ဆက်ပြောသည်။
“အခု ရွာသားတွေအကုန် ကြောက်လို့ လှေတွေနဲ့ပြေးကုန်ကြပါပြီ။ အရင်က ပြေးနေကြတာလည်း ထက်ဝတ်လောက်ရှိတယ်။ အခု နည်းနည်းကျန်တဲ့လူတွေပါအကုန်ပြေးနေကြတာပါ”ဟု ပြောသည်။
စစ်တွေဘက်မှလည်း စစ်ရဟတ်ယာဉ် ၂ စီးသည် ယနေ့နံနက် ၉ နာရီခွဲခန့်က မင်းပြားဘက်သို့ ထွက်ခွာပျံသန်းသွားသည်ဟု သိရသည်။
ခေါင်းလောင်းချောင်းရွာတွင် ယမန်နေ့ စက်တင်ဘာလ ၂၆ ရက် နံနက် ၁၁ နာရီကလည်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး၊ ကလေးငယ် ၁ ဦးနှင့် လူငယ်တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်ဟု သိရသည်။
ဒဏ်ရာရရှိသူများမှာ ကိုယ်ဝန်သည် မဥမ္မာဆန်း(ခ) မဒန်နီချေ (၂၃) နှစ် (ဘယ်ဘက်လက်မောင်းဒဏ်ရာရ)၊ ဘုမောင် (၁၃) နှစ် (ဦးခေါင်းဒဏ်ရာရ) နှင့် မခိုင်ဇံချေ ( ၃) နှစ် (ညာဘက်လက်ဒဏ်ရာရ)တို့ ဖြစ်ကြသည်။
ယမန်နေ့ နံနက် ၁ဝ နာရီခွဲတွင် စစ်တွေဘက်မှလာသည့် စစ်တပ်ဇက်ရေယာဉ် ၂ စီးကို ရက္ခိုင့်တပ်တော်(AA)က လက်နက်ကြီးနှင့်ပစ်ခတ်၍ တစ်စီးမှာထိခိုက်သွားပြီးနောက် ဇက်ရေယာဉ်နှင့် စစ်ရဟတ်ယာဉ်တို့ကပါ အနီးအနား ကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဦးတည်ပစ်ခတ်မှုများပြုလုပ်ခဲ့၍ ယခုကဲ့သို့ ထိခိုက်မှုရှိခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
Photos – CJ